ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅) နှင့် မြန်မာနိုင်ငံရှိ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက်

ရက်စွဲ: အင်္ဂါ, 31 အောက်တိုဘာလ 2023

International Women’s Day event in Myanmar, 2020 Photo: Courtesy of UN in Myanmar
International Women’s Day event in Myanmar, 2020 Photo: Courtesy of UN in Myanmar

English မြန်မာ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင်၊ ကမ္ဘာတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ၏ ၂၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဂုဏ်ပြုကျင်းပတော့မည်ဖြစ်ပါသည်။ သို့သော် ၎င်းသည် အဘယ်နည်း။ ထို့အပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် မိန်းကလေး သန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်နေသော အကျပ်အတည်းမျိုးစုံနှင့် မည်သို့သက်ဆိုင်မှု ရှိသနည်း။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်(၁၃၂၅) ဆိုသည်မှာ အဘယ်နည်း။

၂၀၀၀ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) (UNSCR 1325) ကို ချမှတ်ပြဋ္ဌာန်းခဲ့သည်။ မတူကွဲပြားသည့် လူများအပေါ် ၎င်းတို့၏ ဂျဲန်ဒါ သို့မဟုတ် ကျား၊မဆိုင်ရာဖြစ်တည်မှုအပေါ်အကြောင်း ပြု၍ ပဋိပက္ခသက်ရောက်မှု အမျိုးမျိုးရှိနေသည်ကို အလေးထားအသိအမှတ်ပြုသည့် ပထမဆုံးသော ဆုံးဖြတ်ချက်ဖြစ်သည်။ ဤဆုံးဖြတ်ချက်အားဖြင့် အ‌ရေးကြီးသည့် ကိစ္စရပ်နှစ်ရပ်ကို ဖြေရှင်းဆောင်ရွက် ရန် တိုက်တွန်းတောင်းဆိုထားသည်။ 

၁။ အမျိုးသမီးများသည် ရပ်ရွာလူမှုအသိုက်အဝန်းအတွင်း ပဋိပက္ခကာကွယ်တားဆီးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်း၊

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများသည် တန်းတူညီမျှပါဝင်နိုင်သည့်မိတ်ဖက်များဖြစ်မှသာ လျှင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစီမံချက်များ ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်းကို UNSCR 1325 က အသိအမှတ်ပြုထားသည်။ ဤဆုံးဖြတ်ချက်အားဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ ပဋိပက္ခကာကွယ်တားဆီး ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်အဆင့်တိုင်းတွင် အမျိုးသမီးများ၏ အပြည့်အဝ၊ တန်းတူညီမျှနှင့် အဓိပ္ပါယ်ရှိသော ပါဝင်မှုဖြစ်ပေါ်ရေးအတွက် တောင်းဆိုထားသည်။

၂။ အကြမ်းဖက် ပဋိပက္ခနှင့် စစ်ပွဲကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မမျှမတ ထိခိုက်နေခြင်း၊

UNSCR 1325 သည် ပဋိပက္ခနှင့်ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ အမျိုးသမီးနှင့် မိန်းကလေးများအား ကာကွယ်စောင့်ရှောက်ရေး အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ရန် တောင်းဆိုထား သည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဟုဆိုရာတွင် မုဒိန်းမှု၊ လိင်ကျွန်ပြုမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မ ကိုယ်ဝန်ဆောင်ခိုင်းမှု၊ အဓမ္မကိုယ်ဝန်ဖျက်မှု၊ သားကြောဖြတ်ရန် အတင်းအကျပ်စေခိုင်းမှု၊ အဓမ္မ လက်ထပ်စေခိုင်းမှုနှင့်၊ ပဋိပက္ခနှင့်တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်နွှယ်သည့် အခြားသော လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုပုံစံများ ပါဝင်သည်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ် ဆိုသည်မှာ အဘယ်နည်း။

UNSCR 1325 ချမှတ်ပြဋ္ဌာန်းခြင်း မတိုင်မီကတည်းကပင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) လုပ်ငန်း စဉ်ဆိုင်ရာ အခြေခံမူများကို အမျိုးသမီးများအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်း အဖွဲ့က ဦးဆောင်ချမှတ်ပြီးဖြစ်သည်။

ယနေ့ WPS လုပ်ငန်းစဉ်သည် UNSCR 1325 အစပြုသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၀ ရပ် အပေါ်တွင် အခြေခံထားပြီး၊ ကဏ္ဍ ၄ ရပ်အတွက် ဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုထားသည်။

  • ပါဝင်ရေး - ပဋိပက္ခများ ကာကွယ်တားဆီးခြင်း၊ စီမံခန့်ခွဲခြင်း၊ အသွင်ပြောင်းလဲခြင်းများနှင့်ပတ်သက်၍ နိုင်ငံအဆင့်၊ ဒေသန္တရအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့်များတွင် ဆုံးဖြတ်ချက်ချမှတ် ခြင်း လုပ်ငန်းစဉ်များအတွင်း အမျိုးသမီးနှင့် မိန်းကလေးများ၏ အပြည့်အဝ၊ တန်းတူညီမျှနှင့် အဓိပ္ပါယ်ရှိ သော ပါဝင်မှုဖြစ်စေရန် တိုက်တွန်းတောင်းဆိုခြင်း။
  • ကာကွယ်စောင့်ရှောက်ရေး - အမျိုးသမီးနှင့် မိန်းကလေးများ၏ ဘေးကင်းလုံခြုံရေးနှင့် အခွင့်အရေးများ အား ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းတောင်းဆိုခြင်း။
  • ကာကွယ်တားဆီးရေး - ပဋိပက္ခနှင့်အတူ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအားလုံးကို ကာကွယ်တားဆီးခြင်းအပါအဝင်၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုအတွက် တာဝန်ရှိသူများကို တရားစွဲဆိုခြင်း၊ အမျိုးသားဥပဒေ/နိုင်ငံအဆင့်ဥပဒေ အောက်တွင် အမျိုးသမီးများ၏အခွင့်အရေးများကို ခိုင်မာအားကောင်းအောင်ပြုလုပ်ခြင်း၊ ဒေသန္တရအဆင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေး ရှေ့ပြေးဆောင်ရွက်ချက်များနှင့် ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန် တိုက်တွန်းတောင်းဆိုခြင်း။
  • ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး - ပဋိပက္ခတွင်းကာလ၊ ပဋိပက္ခလွန်ကာလနှင့် ဘေးအန္တရာယ် ဖြစ်ပြီး နှောင်းပိုင်းအခြေအနေများတွင် အမျိုးသမီးနှင့် မိန်းကလေးများ၏ သီးခြား ကူညီကယ်ဆယ်ရေး လိုအပ်ချက်များပြည့်မီစေရန်နှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွင်း အမျိုးသမီး များအနေဖြင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်သူများဖြစ်လာရန် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်အားပေးခြင်း။
[banner]
 

WPS လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် မိန်းကလေးများအတွက် အဘယ်ကြောင့် အရေးကြီး သနည်း။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းမျိုးစုံသည် အမြစ်တွယ်ရှိနှင့်နေပြီးဖြစ်သည့် အမျိုးသမီး နှင့် မိန်းက‌‌လေးများကြုံတွေ့ရသည့်  တန်းတူညီမျှမရှိမှု၊ ဖယ်ကြဉ်ခံရမှုနှင့် ထိခိုက်လွယ်မှုများကို ပိုမိုဆိုးရွားသွားစေ သည်။  ၎င်းတို့သည် အရင်းအမြစ်များစွာနှင့် အချိန်ပေးရသော ပြုစုစောင့်ရှောက်ရေး ထပ်ဆောင်းအလုပ် ဝန်ပိုများကို ခါးစီးခံရသည့်အပြင် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု(GBV) အန္တရာယ်များ တိုးပွားလာခြင်းကိုလည်း ကြုံတွေ့ခံစားကြရသည်။

၂၀၂၂ ခုနှစ်တွင်၊ မြန်မာနိုင်ငံ၌ပြုလုပ်သည့် UN Women နှင့် UNDP တို့၏ ပူးတွဲလေ့လာမှုတစ်ခု အရ အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် နေ့အချိန်များ၌ပင် မိမိတို့၏ ပတ်ဝန်းကျင် သို့မဟုတ် ကျေးရွာများအတွင်း ဘေးကင်းလုံခြုံ စိတ်ချရမှု မရှိတော့ကြောင်း ‌ဖော်ပြထားသည်။ နေ့အချိန်များတွင် အမျိုးသမီးအရေအတွက် ၃.၅ ရာခိုင်နှုန်း ဘေးကင်းလုံခြုံမှု မရှိကြောင်း အစီရင်ခံတင်ပြခဲ့သည့် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ကြည့်ပါက ၎င်းအရေအတွက်သည် သိသိသာသာ ကွာခြားနေသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက အမျိုးသမီး သို့မဟုတ် မိန်းကလေးများအပေါ် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် အကြမ်းဖက် အပြုအမူများ ရှိလာသည်ကို မြင်တွေ့ရကြောင်း အမျိုးသမီး ငါးဦးတွင် တစ်ဦးက တင်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အစီရင်ခံစာအပါအဝင်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar)နှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး တို့၏ များမကြာမီကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံအနှံ့တွင် ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုးပွားလာကြောင်း ထောက်ပြထားသည်။ ထို့အပြင် ဒေသန္တရအဆင့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ တင်ပြချက်အရ မြန်မာနိုင်ငံအပေါ် ကျရောက်နေသည့် အကျပ်အတည်း မျိုးစုံ၏ နောက်ဆက်တွဲသက်ရောက်မှုအဖြစ် အိမ်တွင်းအကြမ်းဖက်မှုနှင့် အတူနေအိမ်ထောင်ဖက် အကြမ်းဖက်မှု များ တိုးပွားလာကြောင်း တင်ပြထားသည်။

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင် WPS လုပ်ငန်းစဉ်ကို မည်ကဲ့သို့ အကောင်အထည်ဖော်သနည်း။

၂၀၀၅ ခုနှစ်မှစ၍၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် UNSCR 1325 နှင့် WPS လုပ်ငန်းစဉ်ကို အစိုးရဦးဆောင်သည့် အမျိုးသားလုပ်ငန်းစီမံချက်(NAP) သို့မဟုတ် အခြား အမျိုးသားအဆင့် မဟာဗျူဟာများ ရေးဆွဲချမှတ်၍ လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် WPS NAP ရေးဆွဲချမှတ်ထားခြင်းမရှိသေးသော်လည်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် ၁၀ နှစ်တာ မဟာဗျူဟာစီမံကိန်း(NSPAW)ကို ၂၀၁၃ ခုနှစ်တွင် ရေးဆွဲချမှတ်ခဲ့ပြီး၊ ‘အမျိုးသမီး နှင့် အရေးပေါ်အခြေအနေများ’ အပိုင်းကို ထည့်သွင်းခဲ့သည်။ ထို့အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်အပါအဝင် ပြည်နယ်အမျိုးမျိုးတွင် ပြည်နယ်အဆင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲခဲ့ပြီး၊ အမျိုး သမီး အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် ပြည်နယ်အစိုးရများနှင့် ပါဝင်သက်ဆိုင်သူအမျိုးမျိုးက WPS လုပ်ငန်းစဉ်ကို တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။

ဒေသတွင်းအဆင့်တွင် အာဆီယံသည် ဒေသတွင်း WPS လုပ်ငန်းစီမံချက် တစ်ရပ်ကို အစပျိုးဆောင်ရွက်ခဲ့သည်။ ၎င်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ WPS မူဝါဒများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်နိုင်ရန်နှင့် ခိုင်မာအား ကောင်းစေရန် ရည်ရွယ်သည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံသည် ရှင်းလင်းတိကျသော WPS အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များ (NAPs) ကိုရေးဆွဲချမှတ်နိုင်ခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အလားတူစီမံချက်မျိုးကို ရေးဆွဲ လျက်ရှိသည်။ အချို့အဖွဲ့ဝင်နိုင်ငံများ၊ ဥပမာ ထိုင်းနိုင်ငံသည် WPS NAPs အခြေခံမူများနှင့် ကိုက်ညီသည့် မူဝါဒ မူဘောင်များ ရှိထားသည်။

UN Women သည် မြန်မာနိုင်ငံတွင် WPS လုပ်ငန်းစဉ်ကို မည်သို့ အကောင်အထည်ဖော်နေသနည်း။

UN Women သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် စတင်အခြေစိုက်ခဲ့ပြီး ထိခိုက်လွယ်သည့် အမျိုးသမီး များနှင့် မိန်းက‌လေးများကို ပံ့ပိုးကူညီရန် အမျိုးသမီးဦးဆောင်နှင့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း များကွန်ရက်နှင့်အတူလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

UN Women သည် WPS လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်း‌ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ လုပ်ငန်းများအားလုံးကို ပံ့ပိုးကူညီပေးထားပြီး၊ အောက်ပါ လုပ်ငန်းများ ပါဝင်သည် -

  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဆက်စပ် လုပ်ငန်းများအတွင်း အထောက်အထားအခြေပြု တုံ့ပြန်ဖြေဆိုမှုများကို အသိပေးရန်အတွက် အရေးပါ သော ဂျဲန်ဒါအချက်အလက်နှင့် ပညာရပ်ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် WPS လုပ်ငန်းစဉ်အတွက် အထောက်အကူပြုဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးခြင်း။
  • အဖွဲ့အစည်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်းမှတစ်ဆင့် အမျိုးသမီးခေါင်းဆောင် များနှင့် အမျိုးသမီးဦးဆောင်သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း ဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် အမျိုးသမီးများ ဦးဆောင်နိုင်ရန်နှင့် ပါဝင်နိုင်ရန် ပံ့ပိုးကူညီခြင်း။ ခေါင်းစဉ်များအနေဖြင့် အဖွဲ့အစည်းဆိုင်ရာ အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှု၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် ဂျဲန်ဒါ‌ရေးရာတို့ ပါဝင်သည်။
  • ဘက်ပေါင်းစုံ GBV ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးနည်းလမ်းအပါအဝင် ထိခိုက်လွယ် သော အမျိုးသမီးများနှင့် မိန်းကလေးများအား ကာကွယ်စောင့်ရှောက်မှု တိုးတက်အောင် ဆောင်ရွက် ခြင်းနှင့် ၎င်းတို့၏ လူ့အခွင့်အရေးများအား ပိုမိုလေးစားအောင် ပြုလုပ်ခြင်း။ ငွေသားအခြေပြု ကြားဝင် ဆောင်ရွက်ခြင်း၊ အမျိုးသမီးများ၏ အခွင့်အရေးကိုမြှင့်တင်ရန်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ကာကွယ်တားဆီးခြင်းနှင့်ပတ်သက်၍ အသိအမြင်မြှင့်တင်ရန် ရပ်ရွာလူမှုအသိုက်အဝန်းအတွင်း နေထိုင် သူများကို သင်တန်းပေးခြင်း။
  • ဒေသန္တရအဆင့် အမျိုးသမီးဦးဆောင်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ(WCSOs)သို့ ရန်ပုံငွေပံ့ပိုးပေး ခြင်းအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်‌ဆောင်ချက်တွင် အမျိုးသမီးများ ခေါင်းဆောင်မှုနှင့် ပါဝင်မှုကိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် နိုင်ငံအနှံ့တွင် လူသားချင်း စာနာ ထောက်ထားမှုအကူအညီများပေးလာနိုင်ပြီး၊ စွမ်းဆောင်ရည်တည်ဆောက်ခြင်းနှင့် ထောက်ပံ့ကြေး များမှတစ်ဆင့် အခြား WCSO အဖွဲ့များနှင့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ခိုင်မာအားကောင်းအောင် အထောက်အကူပြု ဆောင်ရွက်လာနိုင်ပေမည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် WPS လုပ်ငန်းစဉ် တိုးတက်အောင်ဆောင်ရွက်ရာတွင် မည်သည့်အရာ များ လိုအပ်သနည်း။

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအကူအညီသည် ဂျဲန်ဒါတန်းတူညီမျှရေး တွင် ဦးစားပေးမှုအဆင့်နိမ့်ကျနေဆဲဖြစ်ပြီး၊ အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများ၏ ပါဝင်ကူညီဆောင်ရွက်မှုများ သည်လည်း တန်ဖိုးထားခံရမှုနည်းကာ အရင်းအမြစ်အထောက်အပံ့လည်း နည်းပါးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် OECD အချက်အလက်များအရ၊ မြန်မာနိုင်ငံတွင် တရားဝင်ဖွံ့ဖြိုးရေးအထောက်အပံ့ (ODA) ၏ ၀.၆၈ % သာ အမျိုးသမီးများအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံသို့ ရောက်သည်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာ ဖော်ပြချက်အရ၊ ကုလသမဂ္ဂရည်မှန်းချက်ပန်းတိုင်ကဲ့သို့သော ရည်ရွယ်ချက်တားဂတ်များတွင် ပံ့ပိုးကူညီမှု ၁၅ ရာခိုင်နှုန်း ပြည့်မီ ကျော်လွန်ရေး တိုက်တွန်းတောင်းဆိုထားသော်လည်း ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခဒဏ်ခံရသည့် အခြေအနေများအတွက် အစိုးရချင်း ကူညီထောက်ပံ့မှုများအနက်မှ ၆ ရာခိုင်နှုန်းသာလျှင် အဓိကရည်မှန်းချက် ဖြစ်သော ဂျဲန်ဒါတန်းတူညီမျှရေးအတွက် စူးစိုက်ဆောင်ရွက်နိုင်ခဲ့သည်။

UNSCR 1325 ချမှတ်ပြဋ္ဌာန်းခဲ့ချိန်မှစလျှင် ယခုနှစ်သည် ၂၃ နှစ်မြောက်ဖြစ်၍ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် UN Women(မြန်မာ)သည် အောက်ပါအချက်များအပါအဝင် WPS လုပ်ငန်းစဉ်တိုးတက်စေရန် အရေးပေါ် ကမ္ဘာနှင့် အဝှမ်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ တိုက်တွန်းနှိုးဆော်ချက်တွင် ပါဝင်တိုက်တွန်း ထားသည်။

  • အမျိုးသမီးအဖွဲ့အစည်းများ၊ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် စည်းရုံးဆောင်ရွက်နေသည့် အောက်ခြေ လူတန်းစားများပါဝင်သည့်အဖွဲ့အစည်းများအတွက် တရားဝင်ဖွံ့ဖြိုးရေးအထောက်အပံ့မှ အနည်းဆုံး ၁ ရာခိုင်နှုန်းအပါအဝင် ဂျဲန်ဒါတန်းတူညီမျှရေးအတွက် ODA အထောက်အပံ့မှ အနည်းဆုံး ၁၅ ရာခိုင်နှုန်း လျာထားဆောင်ရွက်ရန်။
  • အကျပ်အတည်းအခြေအနေအမျိုးမျိုးတွင် အမျိုးသမီးနှင့် မိန်းကလေးများအား ကာကွယ်စောင့်ရှောက်မှု ခိုင်မာအားကောင်းစေရန် တာဝန်ယူမှု/တာဝန်ခံမှု တိုးမြှင့်ဆောင်ရွက်ရန်။
  • သက်ဆိုင်ရာ ရပ်ရွာလူမှုအသိုက်အဝန်းများအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး မြှင့်တင်ဆောင် ရွက်နေသော အမျိုးသမီးဦးဆောင်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပံ့ပိုးကူညီရန်။

အချက်အလက်များ ပိုမိုသိရှိလိုပါက -

  • အာရှပစိဖိတ်ဒေသနှင့်ပတ်သက်၍ UN Women ၏ ဤ UNSCR 1325 ခြုံငုံသုံးသပ်ချက်ဗီဒီယိုကို ကြည့်ရှုပါ။
  • အမျိုးသမီးခေါင်းဆောင်များကို အားပေးကူညီရန် နည်းလမ်းများအတွက် UN Women Myanmar Peace Facilitator’s Handbook ကို ဖတ်ရှုပါ။ ဒေသန္တရအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရန်အပြင် အခြားအမျိုးသမီး ငြိမ်းချမ်းရေးတည်ဆောက်သူများကိုလည်း သင်ကြားပေးရန် ဖြစ်သည်။
  • မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက UN Women Myanmar Country Profile ကိုဖတ်ရှုပါ။
  • UN Women မှ ကျွမ်းကျင်ပညာရှင်၏ သုံးသပ်ချက်ဖြစ်သော what the Secretary-General’s New Agenda for Peace means for women ကိုဖတ်ရှုပါ။