ဖယ်ကြဉ်ခံထားရသူအဖြစ်မှ စွမ်းဆောင်ရည်ပြည့်ဝသူအဖြစ်သို့ - လေးစားရသည့် ရပ်ရွာလူထုခေါင်းဆောင်တစ်ဦးဖြစ်လာသူ နန်း၏ တိုးတက်မှုဖြစ်စဉ်

Author: Alexandra Peard

English | မြန်မာ

နန်းသည် ရှမ်းပြည်နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ရပ်ရွာလူထုကောင်းကျိုး အတွက် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်ဆောင်ရွက်ရန် အမြဲစိတ်အားထက်သန်ခဲ့သူဖြစ်ကာ သူမ၏ ကျေးရွာရှိ ကလေးများကို ဒေသခံဘာသာစကားများ သင်ကြားပေးခြင်းဖြင့် သူမ၏ နွေရာသီအားလပ်ချိန်များကို ကုန်ဆုံးစေ ခဲ့သည်။ သူမသည် ထိုအလုပ်ကိုချစ်မြတ်နိုးသလို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများအတွင်း ထဲထဲဝင်ဝင် ပို၍ ပါဝင်ဆောင်ရွက်လိုခဲ့သည်။ သို့သော် ဂျဲန်ဒါအစွဲထားသော ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် မိမိကိုယ်မိမိ ယုံကြည်မှုမရှိခြင်းက သူမကို နောက်ပြန်ဆွဲ ထားသလိုဖြစ်စေခဲ့သည်။

“အရင်က ကျွန်မမှာ အသိပညာ ဗဟုသုတ သိပ်မရှိတာကြောင့် ကျေးရွာလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ သိသာ ထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးခေါင်းဆောင်တွေအပေါ် ယုံကြည်မှု ကင်းမဲ့လေ့ရှိတာကြောင့် ကျွန်မရဲ့ အကြံပြုချက်တွေကို လူတွေက လက်မခံခဲ့ကြပါဘူး” ဟု နန်းက ပြောသည်။

ရပ်ရွာလူထုအဆင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် သူမဆွေး‌နွေးပါ၀င်နိုင်ရန် နေရာမရှိသလို နန်း ခံစားခဲ့ရ သည်။ ထို့အပြင် သူမသည် အလယ်တန်းကျောင်းပညာရေးသာ တက်ရောက်ခဲ့ရခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းကာ၊ အမျိုးသမီးဖြစ်နေခြင်းကြောင့်လည်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များတွင်ပါဝင်ခြင်းမှ ဖယ်ကြဉ်ခံ ခဲ့ရသည်။ သို့သော် UNWomen၏ ပံ့ပိုးကူညီမှုဖြင့်အလုပ်လုပ်သည့် ဒေသန္တရအဖွဲ့အစည်းတစ်ခုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဦးဆောင်လုပ်ကိုင်နိုင်ရန် ကျေးရွာတွင်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်တည်ဆောက်ခြင်းကို စတင်ဆောင်ရွက်သည့်အခါ နန်းသည် စိတ်အားထက်သန်စွာဖြင့် ပါဝင်သူ တစ်ဦးဖြစ်ခဲ့သည်။ များမကြာမီတွင် သူမသည် အမှန်တကယ် စွမ်းဆောင်ရည်ရှိကြောင်းကို နန်းကိုယ်တိုင်ရော ရပ်ရွာ လူထုကပါ ယုံကြည်လာခဲ့သည်။

ကမ္ဘာအနှံ့ ဘေးဒုက္ခအကျပ်အတည်းဒဏ်ခံနေရသည့် နိုင်ငံများအတွင်း မြန်မာနိုင်ငံသည်လည်း ပါဝင်သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ချက်များ၌ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု နှင့် ခေါင်းဆောင်မှုသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်များတွင် အမျိုးသမီးနှင့် အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်သည့်အခါ တုံ့ပြန်ဆောင်ရွက်ချက်များသည် ရပ်ရွာပြည်သူလူထုအားလုံး၏ လိုအပ်ချက်အသီးသီးကို ပို၍ဖြေရှင်းနိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုရလဒ်များဆီသို့ ဦးတည်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် ဆိုးရွားလာသော အကျပ်အတည်းကာလအတွင်း UNWomenသည် ဒေသန္တရ အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သော အဖွဲ့အစည်းများ၊ အမျိုးသမီးဦးဆောင်သောအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဤအဖွဲ့အစည်းများသည် ဝေးလံခေါင်ဖျားသည့်အရပ်တွင် နေထိုင်သော ထိခိုက်လွယ်ပြီး ဖယ်ကြဉ်ခံထားရသူများအတွက် အသက်ကယ်ဆယ်ရေး ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ၎င်းတို့၏ အသိပညာဗဟုသုတနှင့် ကွန်ရက်ချိတ်ဆက်မှုများကို အသုံးပြု ဆောင်ရွက်နေကြသူ များဖြစ်ကြသည်။

နန်း၏ ကျေးရွာတွင် UNWomen၏ ဒေသန္တရ မိတ်ဖက်အဖွဲ့အစည်းတစ်ခုသည် ကျေးရွာလူမှုအသိုက်အဝန်းအတွင်း ရာသီဥတုဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များအပေါ်ကြံကြံခံနိုင်စွမ်းမြင့်မားအောင် မြှင့်တင်ဆောင်ရွက်ပေးရာတွင် ကူညီပေးလျက်ရှိပါသည်။ အစပထမတွင် နန်းသည် အစည်းအဝေးများနှင့် သင်တန်းများကို စီစဉ်ပေးရာတွင် ကူညီခဲ့သည်။ နောက်ပိုင်းတွင် သူမအနေဖြင့် တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာကာ ခေါင်းဆောင်မှုစွမ်းရည်များလည်း တိုးတက်လာသောကြောင့် အလှူရှင်များနှင့် ကျေးရွာလူမှုအဖွဲ့ အစည်းများအကြား ဆက်ဆံရေးတည်ဆောက်ရာတွင် ဦးဆောင်သူအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး သူမကိုယ်တိုင် စီစဉ်ဦးဆောင်သည့် ကြံကြံခံနိုင်စွမ်းမြှင့်တင်ရေးစီမံကိန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

Photo:
    Courtesy of UN Women partner in Myanmar
နန်းနှင့် သူမ၏ ကျေးရွာရှိ အခြားအမျိုးသမီးများက ထိခိုက်လွယ်မှုနှင့် စွမ်းဆောင်ရည်ရှိမှုကို အားလုံးပါဝင် ဆန်းစစ်လေ့လာနည်း (Participatory Vulnerability and Capacity Analysis) နှင့်ပတ်သက်၍ လေ့လာသင်ယူနေကြစဉ်။ ဓါတ်ပုံအသိအမှတ်ပြုမှု
Photo:
    Courtesy of UN Women partner in Myanmar
နန်းသည် မိုးရာသီအတွင်း သူမ၏ ကျေးရွာတွင် သွားလာရ လွယ်ကူအဆင်ပြေစေရန် လမ်းသစ်ဖောက်ရန်အတွက် လိုအပ်ချက်များကိုဖော်ထုတ်ခဲ့ပြီး ရန်ပုံငွေ ရှာဖွေရယူနိုင်ခဲ့သည်။ ဓါတ်ပုံအသိအမှတ်ပြုမှု Photo: Courtesy of UN Women partner in Myanmar

နန်းအတွက် အဓိကအလှည့်အပြောင်းတစ်ခုမှာ ‘ထိခိုက်လွယ်မှုနှင့်စွမ်းဆောင်ရည်ရှိမှုကို အားလုံးပါဝင် ဆန်းစစ်လေ့လာနည်း (Participatory Vulnerability and Capacity Analysis [PVCA])’ သင်တန်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဤသင်တန်းသည် ဖြစ်နိုင်ခြေအန္တရာယ်ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ကျေးရွာလူထုကို ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ၎င်းတို့၏ ထိခိုက်လွယ်မှုများနှင့် စွမ်းဆောင်ရည်များအား နားလည်သိမြင်လာစေရန်နှင့် ခွဲခြမ်းစိတ်ဖြာလေ့လာတတ်စေရန် အထောက်အကူပြုသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ထို့အပြင် ကျေးရွာလူထု ရင်ဆိုင်ရသည့် ဖြစ်နိုင်ခြေအန္တရာယ်အမျိုးမျိုးအကြား ဆက်နွယ်ချိတ်ဆက်မှုများနှင့် ကျေးရွာလူမှုအသိုက်အဝန်းအတွင်း နေထိုင်သူများအကြား အပြန်အလှန်ဆက်ဆံပုံ နည်းလမ်းများကို ဖော်ထုတ်သိမြင်နိုင်ရန်လည်း အထောက်အကူပြုသည်။

PVCA လုပ်ငန်းစဉ်မှတစ်ဆင့် သူမရရှိခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများဖြင့် စွမ်းဆောင်ရည်မြင့်မားလာသည် ဟု ခံစားရပြီး၊ သူမ၏ ကျေးရွာတွင် အရေးကြီးသည့် စီမံကိန်းအမျိုးမျိုးကို စတင်ဆောင်ရွက်ရန် အလှူရှင်များနှင့် ကုလသမဂ္ဂအေဂျင်စီအဖွဲ့အစည်းများထံမှ ပံ့ပိုးကူညီမှုနှင့် ရန်ပုံငွေများရရန်အတွက် အောင်မြင်စွာ စည်းရုံးလှုံ့ဆော် ပြောဆိုနိုင်ခဲ့သည်။ ဤစီမံကိန်းများတွင် စိုက်ပျိုးရေးသုံး ကိရိယာများနှင့် မျိုးစေ့များ လက်ခံရယူခြင်း၊ လုပ်အား အတွက်ပံ့ပိုးငွေရရှိခြင်း (cash for work) အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ခြင်း၊ မိုးရာသီ အတွက် ကြိုတင်ပြင်ဆင်ရန် ကျေးရွာတွင် အလွန်လိုအပ်နေသော ရေနုတ်မြောင်းတည်ဆောက်ခြင်း၊ မိုးရာသီ ကာလအတွင်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် လမ်းသစ်ဖောက်လုပ်ရန် ထောက်ပံ့ကြေး ရယူခြင်း တို့ပါဝင်သည်။

“အခုတော့ နန်းက ကျေးရွာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ လုပ်ကိုင်ဆောင်ရွက်နေပါပြီ။ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကော်မတီက နန်းကို အဖွဲ့ဝင်တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပြီးတော့ သူ့ရဲ့အကြံပြုချက်တွေကို တန်ဖိုးလည်းထားသလို စဉ်းစားသုံးသပ်တာတွေလည်း ရှိလာပါတယ်။ ဒါက ကျေးရွာအတွင်း ကျွန်မတို့ အကောင် အထည်ဖော်ခဲ့တဲ့ သင်တန်းနဲ့ တခြားစီမံကိန်းလုပ်ငန်းတွေကနေတစ်ဆင့် ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေ ကို လက်တွေ့ပြနေတာပဲဖြစ်ပါတယ်” ဟု UN Women ၏ ဒေသခံမိတ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ ဤအဖွဲ့အစည်းသည် PVCA သင်တန်းနှင့် အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

နန်းသည် သူမကျေးရွာတွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏ အဓိက ညှိနှိုင်းဆောင်ရွက်သူတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးပြောဆိုမှုများတွင် ဦးဆောင်ခြင်းနှင့် စုံလင်ကွဲပြားသော အမျိုးသမီးအဖွဲ့များအကြား တိုင်းရင်းသားလူမျိုးစုအချင်းချင်း အပြန်အလှန် ဆွေးနွေးပြောဆိုမှုများ အဆင်ပြေချောမွေ့အောင် ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

“သင်တန်းပြီးသွားတဲ့အခါ ကျွန်မ ကျေးရွာမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ ယုံကြည်မှုတွေ ပိုရှိလာတဲ့ အပြင် ကျွန်မရဲ့ ထင်မြင်ချက်တွေကို ရဲရဲဝံ့ဝံ့ ပြောနိုင်လာပါပြီ” ဟု သူမက ဆိုသည်။

“ကျွန်မ ရလာတဲ့ စွမ်းဆောင်ရည်က ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို တိုးတက်စေရုံသာမကဘဲ အတားအဆီးတွေ ကိုလည်း ဖယ်ရှားပေးနိုင်လို့၊ ကျွန်မရဲ့ ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင် တာပဲ ဖြစ်ပါတယ်။”


* ဘေးကင်းလုံခြုံရေးအတွက် အမည်ကို ပြောင်းလဲ ဖော်ပြထားသည်။