နည်းလမ်းတစ်ခုတည်းဖြင့် အခြေအနေအရပ်ရပ်ကို မဖြေရှင်းနိုင် - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင် ဂျဲန်ဒါ (ကျား၊မ ရေးရာ)သည် အဘယ်‌ကြောင့် အရေးပါသနည်း။

မြန်မာနိုင်ငံမှ လေ့လာတွေ့ရှိချက်များနှင့်အတူ လမ်းညွှန်ချက်တစ်ရပ်

ရက်စွဲ: 14 ဇူလိုင် 2024 တနင်္ဂနွေနေ့

၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံ အနောက်မြောက်ဒေသသို့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်၊ UN Women သည် ဒေသခံ အမျိုးသမီးဦးဆောင်သည့်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ အစားအစာ၊ နေ့စဉ်သုံးအခြေခံ လိုအပ်သည့်ပစ္စည်းများနှင့် ငွေသားပံ့ပိုးမှု အပါအဝင် အရေးပေါ် အကူအညီများကို ပေးခဲ့သည်။ Rakhine State, Myanmar, July 2023. ဓာတ်ပုံ: UN Women partner

English | မြန်မာ

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ယခင်ထက်ပို၍ တိုက်ပွဲများဖြစ်ပွားလာမှုနှင့်အတူ  ၂၀၂၄ ခုနှစ်၊ မေလ အရောက်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ[1] အရပ်သားဦးရေသည် ၃ သန်းကျော်သွားပြီး ဆိုးရွား သည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေသည်။

ခန့်မှန်းခြေအားဖြင့် လူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သော ၁၈.၆ သန်းသည် လူသားစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များရှိနေပြီး၊ ထို့အနက်မှ လူဦးရေ ၉.၇ သန်းသည် အမျိုးသမီးနှင့် မိန်းက‌လေးငယ်များ ဖြစ်ကြ သည်။[2] ယခုအခါတွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုမျဉ်းအောက် (သို့မဟုတ်) ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်လုနီး အခြေအနေများတွင် နေရကြောင်းကို တွေ့ရသည်။ [3]

ဆက်သွယ်သွားလာရေးတွင် အလွန်တင်းကျပ်သည့် ကန့်သတ်ချက်များ၊ လျော့ပါးလာသည့် ရန်ပုံငွေများနှင့် အတူ အန္တရာယ်ရှိသောလုပ်ငန်းဝန်းကျင် အခြေအနေများရှိသော်လည်း ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေ များအတွင်း မြန်မာအမျိုးသမီးခေါင်းဆောင်သောအဖွဲ့အစည်းများနှင့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းများသည် ဝေးလံခေါင်းပါးသည့်ဒေသများတွင်နေထိုင်သော အားနည်းထိခိုက်လွယ်သည့် ဖယ်ကြဉ်ခံ ထားရသူများထံသို့ အသက်ကယ်ဆယ်ရေး ကူညီပံ့ပိုးမှုများပေးနိုင်ရန် ၎င်းတို့၏ ထူးခြားကောင်းမွန်သည့် အသိပညာ ဗဟုသုတနှင့် ကွန်ရက်ချိတ်ဆက်မှုများကို ဆက်လက် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာအနှံ့ ဘေးဒုက္ခအကျပ်အတည်းဒဏ်ခံနေရသည့် နိုင်ငံများအတွင် မြန်မာနိုင်ငံသည် တစ်ခုအပါအဝင်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ချက်များတွင် အမျိုးသမီးများ၏ပူးပေါင်းပါဝင်မှု နှင့် ခေါင်းဆောင်မှုသည် မရှိမဖြစ် အရေးပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံမှ ဥပမာများကို အသုံးပြု၍အကျပ်အတည်း ကာလအတွင်းနှင့် နောက်ပိုင်းကာလများတွင် ဂျဲန်ဒါအလိုက် သီးခြားလိုအပ်ချက်များနှင့်အညီ တုန့်ပြန်ဆောင်ရွက်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်များတွင် ခေါင်းဆောင်နိုင်ရန် နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရနအတွက် အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေခြင်းသည် အဘယ်ကြောင့် အရေးကြီး ကြောင်းကို ကျွန်ုပ်တို့ ရှင်းပြထားပါသည်။

ပထမဦးစွာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက် ဆိုသည်မှာအဘယ်နည်း။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်ဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝ ဘေး အန္တရာယ် သို့မဟုတ် အခြား အကျပ်အတည်းများကြောင့် လိုအပ်ချက်များရှိနေသည့် ရပ်ရွာလူမှု အသိုက်အဝန်း များကို ကူညီရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ချက်များဖြစ်သည်။ ရည်ရွယ်ချက်အနေဖြင့် အဆိုပါ အကျပ် အတည်းကာလများအတွင်းနှင့် နောက်ပိုင်းကာလများတွင် လူ့အသက်များကို ကယ်တင်ရန်၊ ဆင်းရဲဒုက္ခများ ပပျောက်စေရန်နှင့် လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်သည်။

ရေခံမြေခံအခြေအနေနှင့် ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်များအပေါ်မူတည်၍၊ တုံ့ပြန်ဆောင်ရွက်မှုအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်းများ၊ ဂျဲန်ဒါရေးရာ ကျွမ်းကျင်ပညာရှင်များ၊ အကျပ်အတည်းဒဏ်ခံရသည့် ရပ်ရွာလူမှုအသိုက်အဝန်းများ၊ နိုင်ငံအဆင့် နှင့် ဒေသန္တရအဆင့် အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် နိုင်ငံတော်အဆင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ(NGOs)၊ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် အလှူရှင်များစသည်ဖြင့် လူသားချင်းစာနာထောက်ထားရေး ကူညီဆောင်ရွက်သည့်အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ဆောင်ရွက်နိုင်ပါြပီး အဖွဲ့အစည်း တစ်ခုချင်းစီတွင် မတူညီသည့် အခန်းကဏ္ဍနှင့် ဦးစားပေးလုပ်ငန်းကိုယ်စီ ရှိကြပါသည်။

၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားပြီးနောက် အစားအစာနှင့် နေရာထိုင်ခင်း မရှိသူများအား ရခိုင်ပြည်နယ်ရှိ အမျိုးသမီးဦးဆောင်သည့် ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများက လိုအပ်သည့်အကူအညီများပေးနေစဉ်။ Rakhine State, Myanmar, July 2023. ဓာတ်ပုံ: UN Women partner

အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းဆောင်ရွက်သည့်အခါ ကျွန်ုပ်တို့အနေဖြင့် ဂျဲန်ဒါနှင့်ပတ်သက်၍ အဘယ်ကြောင့် စဉ်းစားသုံးသပ်ရန် လိုအပ်သနည်း။

အကျပ်အတည်းနှင့် ဘေးအန္တရာယ်များသည် အမျိုးသမီး၊ မိန်းကလေး၊ အမျိုးသားနှင့် ယောကျ်ားလေးများ အပေါ် မတူကွဲပြားစွာသက်ရောက်မှုရှိသည်။ထို့အပြင်အခြားသော အ‌‌‌ကြောင်းအရာများဖြစ်သည့် အသက်အရွယ်၊ မသန်စွမ်းမှု၊ လိင်စိတ်တိမ်းညွတ်မှု၊ တိုင်းရင်းသားလူမျိုးစု၊ သို့မဟုတ် ကိုးကွယ်ယုကြည်မှု များကြောင့်လည်း ရှိနှင့်ပြီးသော ထိခိုက်လွယ်မှုများသည် ပို၍ ဆိုးရွားသွားလေ့ရှိသည်။

ဥပမာအားဖြင့် -

  • အမျိုးသမီးများအနေဖြင့် ဘေးအန္တရာယ်ကျရောက်သည့်ကာလအတွင်း ဘေးကင်းလုံခြုံရာနေရာကို ရှာဖွေရာတွင် လူမှုစံနှုန်းသတ်မှတ်ချက်များက ၎င်းတို့အတွက် အခက်အခဲဖြစ်လာစေသည်။ ဥပမာ - ၎င်းတို့ကို တစ်ဦးတည်း ခရီးသွားလာခွင့် သို့မဟုတ် ယာယီအဆောက်အအုံများတွင် ခိုလုံနေထိုင်စဉ်အတွင်း သူစိမ်း အမျိုးသားများနှင့် အတူတကွနေထိုင်ရန်ကန့်သတ်တားမြစ်ခြင်း။
  • စစ်တပ် သို့မဟုတ် လက်နက်ကိုင်အဖွဲ့များအတွင်းသို့ အဓမ္မ စစ်သားစုဆောင်းခံရသူများတွင် ငယ်ရွယ်သူ အမျိုးသားများသည် အများဆုံး ပါဝင်နိုင်ခြေရှိသူများဖြစ်ခြင်း။
  • အိမ်အသုံးစရိတ်လျှော့ချရန်နှင့် ပြုစုစောင့်ရှောက်ရေးအတွက် လက်တိုလက်တောင်း ကူညီပေးနိုင်ရန် မိန်းကလေးငယ်များအနေဖြင့်လည်း ကျောင်းထုတ်ခံရနိုင်သလို၊ ထောက်ပံ့မှုရယူလိုသည့် မျှော်လင့် ချက်ဖြင့် အရွယ်မတိုင်မီ စောစီးစွာ အဓမ္မလက်ထပ်စေခိုင်းခံရနိုင်ခြင်း။

ဂျဲန်ဒါအလိုက် သီးခြားလိုအပ်ချက်များ၊ စွမ်းဆောင်ရည်များနှင့် ဘေးအန္တရာယ် သို့မဟုတ် အကျပ်အတည်း ဒဏ်ခံရသူအားလုံး၏ ဦးစားပေးရမည့်အရာများကို နားလည်ခြင်းသည် လူသားချင်းစာနာထောက်ထားရေး ကူညီဆောင်ရွက်သူများအတွက် သင့်လျှော်ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများကို အစီအစဉ်ရေးဆွဲ ရာတွင်လည်းကောင်း၊ လိုအပ်ချက်အများဆုံး ဖြစ်သောသူများကို ဦးတည်ဆောင်ရွက်ရာတွင်လည်းကောင်း၊ တန်းတူညီမျှမှု မရှိခြင်းကို မရည်ရွယ်ဘဲ အားပေးခြင်း၊ သက်ဆိုးရှည်စေခြင်း၊ သို့မဟုတ် တိုးပွားစေခြင်းကို ရှောင်လွဲရာတွင် လည်းကောင်း အထောက်အကူဖြစ်စေပါသည်။

မြန်မာနိုင်ငံတွင်

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ရခိုင်ပြည်နယ်တွင်းဖြစ်ပွားသော တိုက်ပွဲများသည် ပို၍ ပြင်းထန်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဂျဲန်ဒါကွဲပြားမှုအလိုက် လိုအပ်ချက်များကောက်ယူ အကဲဖြတ်သုံးသပ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် မြန်မာအမျိုးသမီး အဖွဲ့အစည်းများသည် အောက်ပါအချက်တို့ပါ၀င်သည့် ဂျဲန်ဒါအလိုက် သီးခြားသက်ရောက်မှုများကို ဖော်ထုတ်နိုင်ခဲ့သည်။

  • နေရပ်စွန့်ခွာရခြင်း၊ လုံခြုံရေးအန္တရာယ်ရှိခြင်း၊ အခြေခံအဆောက်အဦးများ ပျက်စီးထိခိုက်မှုရှိခြင်းတို့ ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများအား တုံ့ပြန်ဖြေရှင်းခြင်း၊ ကာကွယ်တားဆီးခြင်း၊ မှတ်တမ်းတင်ခြင်းများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို လက်လှမ်းမီ ရယူနိုင်မှု မရှိခြင်း။
  • အကျပ်အတည်းကာလအတွင်း အမျိုးသမီးနှင့် မိန်းကလေးများသည် အနုတ်လက္ခဏာဆောင်သည့် ရင်ဆိုင်ဖြေရှင်းနည်းများ၏ဒဏ်ကိုခံရသည့်အတွက် လူကုန်ကူးမှု၊ အရွယ်မတိုင်မီနှင့် အဓမ္မလက်ထပ် စေခိုင်းမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အဓမ္မပြည့်တန်ဆာ ပြုမှုများ အပါအဝင် ဂျဲန်ဒါအခြေပြု ရာဇဝတ်မှုများ တိုးပွားလာခဲ့သည်။

အကျပ်အတည်းများနှင့် ဘေးအန္တရာယ်များက အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် မည်သို့ သက်ရောက်မှု ရှိနေသနည်း။

အကျပ်အတည်း မဖြစ်ပေါ်မီကပင် ဂျဲန်ဒါမညီမျှမှုများ ရှိနှင့်နေပြီးဖြစ်သည်။ ထို့ကြောင့် ဘေးအန္တရာယ် ကျရောက်သည့်အခါ အဆိုပါ မညီမျှမှုများ၏ သက်ရောက်မှုသည် ပို၍ဆိုးရွားလာပြီး အမျိုးသမီးနှင့် မိန်းကလေးငယ် များအပေါ် အချိုးအစားမမျှတစွာ ထိခိုက်သက်ရောက်စေတော့သည်။

အမျိုးသမီးများသည် တိုးပွားလာသည့် အန္တရာယ် များဖြစ်သည့် ကျား၊မအခြေပြု အကြမ်းဖက်မှုနှင့် ဘေးကင်းလုံခြုံမှုမရှိခြင်းတို့ကို ရင်ဆိုင်လာရသည့်အပြင်၊ အသွားအလာနှင့် ဆက်သွယ်ပြောဆိုမှုများတွင် တားဆီးကန့်သတ်ခံရခြင်း၊ ထပ်တိုးလာသည့် ပြုစုစောင့်ရှောက်ရေးတာဝန်၊ အိမ်တွင်းအလုပ်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်တာဝန်များ ပိုများလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများရယူရာ တွင် အတားအဆီးများကို ရင်ဆိုင်နေရပါသည်။

မြန်မာနိုင်ငံတွင်

“စစ်ဘေးရှောင်စခန်းတွေမှာ နေရတဲ့ အမျိုးသမီးတော်တော်များများက မိသားစုတစ်စုလုံးရဲ့ စား၀တ်နေရေး ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားကြရသည့်အပြင်၊ တန်ဖိုးထားမခံရသည့် အခကြေးငွေလည်းမရသော ပြုစုစောင့် ရှောက်ရေးအလုပ်တွေကို မနိုင်မနင်း ပိုလုပ်လာရတယ်။”

“အမျိုးသားတွေကျတော့ စခန်းကော်မတီအဖွဲ့မှာ စီမံအုပ်ချုပ်ရေးနေရာတွေယူပြီးတော့ တုံ့ပြန်ဖြေရှင်းရေး မဟာဗျူဟာတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလေ့ရှိကြတယ်။ ဆိုတော့ အမျိုးသမီးတွေရဲ့ လက်တွေ့ လတ်တလောလိုအပ် ချက်တွေက တုံ့ပြန်ဖြေရှင်းရေး လုပ်ဆောင်ချက်တွေမှာ မပါသလို ဦးစားပေးခံရမှုလည်း မရှိပါဘူး။”

— မြန်မာနိုင်ငံတွင် အကျပ်အတည်းဒုက္ခကြောင့် အမျိုးသမီးများ အချိုးအစားမမျှတစွာ ထိခိုက်သက်ရောက်နေပုံ အချို့ကို ဒေသခံ အမျိုးသမီး အဖွဲ့တစ်ဖွဲ့၏ အမျိုးသမီးဝန်ထမ်းတစ်ဦးက ရှင်းပြပြောဆိုခြင်း။

အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တွင် ဦးဆောင်ရန်နှင့် ပါဝင်ဆောင်ရွက်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

အမျိုးသမီးများနှင့် ၎င်းတို့၏ကလေးသူငယ်များအပေါ် အကျပ်အတည်းဒဏ်များ အချိုးအစားမမျှတစွာ ထိခိုက်သက်ရောက် နေသော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး ကြိုးပမ်းအားထုတ်မှုများတွင် အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များမှ ဖယ်ကြဉ်ခံထားရလေ့ရှိသည်။

သို့သော် ဤလုပ်ငန်းစဉ်များအတွင်း အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများကို ထည့်သွင်းဆောင်ရွက် စေသည့်အခါတွင် တုံ့ပြန်‌ဖြေရှင်းမှုများသည် ရပ်ရွာလူထုအားလုံး၏ လိုအပ်ချက်များကို ပို၍ဖြေရှင်းပေးနိုင် သည်။ ထို့အပြင် အောက်ပါအချက်များကြောင့် အားလုံးအကျုံးဝင်ပါဝင်မှုကို သေချာစေပြီး၊ ပို၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများဆီသို့ ဦးတည်ဖြစ်ပေါ်လာ သည်။

  • ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ သီးခြား လိုအပ်ချက်များနှင့် ဦးစားပေးမှုများကို နားလည်သိမြင်ခြင်းနှင့် ဖြေရှင်းနိုင်ခြင်းအား ပို၍သေချာစေသည်။
  • အမျိုးသမီးများသည် အိမ်ထောင်စု၊ ရပ်ရွာလူမှုအသိုက်အဝန်း ပြန်လည်တည်ဆောက်မှု၊ မိသားစုဘ၀ သာယာပျော်ရွှင်ရေးအတွက် ဆောင်ရွက်မှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြသည်။
  • ၎င်းတို့၏ ပါဝင်‌ဆောင်ရွက်မှုသည် ဂျဲန်ဒါရေးရာ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို မြှင့်တင် ရာရောက်ပြီး ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို သက်ဆိုးရှည်စေသည့် အန္တရာယ်ရှိသော စံသတ်မှတ်ချက်များနှင့် အလေ့အထများကို စိန်ခေါ်ဖြေရှင်းနိုင်စွမ်းရှိသည်။

မြန်မာနိုင်ငံတွင်

“ဆိုင်ကလုန်း မိုခါပြီးတော့ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကျေးရွာထဲက အမျိုးသမီးတွေ ခေါင်းဆောင်ပြီး ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့်၊ စီမံခန့်ခွဲရေး ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့စွမ်း‌ဆောင်ရည်မြှင့်တင်ပေးဖို့အတွက် ကျွန်မတို့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုကြောင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းတွေက ပိုပြီး အကျိုးရှိထိရောက်ခဲ့သလို ကျေးရွာထဲမှာရှိတဲ့ အမျိုးသမီးနှင့် မိန်းကလေးငယ်တွေအတွက် ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်ခဲ့ပြီး တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

— မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းတစ်ဖွဲ့၏ အမျိုးသမီးဝန်ထမ်းတစ်ဦး ။

၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံကို ဆိုင်ကလုန်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးဦးဆောင်သည့် ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးများက ထိခိုက်ခံရသည့် ရပ်ရွာလူမှုအသိုက်အဝန်းအတွင်းရှိ အမျိုးသမီးနှင့် မိန်းကလေးများ၏ သီးခြားလိုအပ်ချက်များကို ဖော်ထုတ်ရန် ဂျဲန်ဒါကွဲပြားမှုအလိုက် လိုအပ်ချက်များ ကောက်ယူအကဲဖြတ်ခြင်းကို ‌ဆောင်ရွက်ခဲ့သည်။ Rakhine State, Myanmar, July 2023. ဓာတ်ပုံ: UN Women partner

ဂျဲန်ဒါလိုအပ်ချက်အလိုက်ဖြည့်ဆည်းဆောင်ရွက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်ဖြစ်ပေါ်ရေးအတွက် မည်သည့် မူဝါဒများ သို့မဟုတ် နိုင်ငံတကာ မူဘောင်များက လမ်းညွှန်ထားသနည်း။

ဌာနချင်းပေါင်းစပ်ညှိနှိုင်းရေး အမြဲတမ်းကော်မတီ (Inter Agency Standing Committee)သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများညှိနှိုင်းဆောင်ရွက်ရေးအတွက် ကာလအရှည်ကြာဆုံးတည်ရှိခဲ့ သော အဆင့်မြင့်ဆုံး ဖိုရမ်တစ်ခုဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်တွင် ဂျဲန်ဒါ တန်းတူညီမျှရေး၊ အမျိုးသမီးနှင့်မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ IASC မူဝါဒ (IASC Policy on Gender Equality and the Empowerment of Women and Girls in Humanitarian Action) ကို ၂၀၂၄ ခုနှစ်တွင်  UN Women က မွမ်းမံဖြည့်စွက်ခဲ့သည်။ ၎င်းတွင် ကြိုတင်ပြင်ဆင်‌ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဂျဲန်ဒါတန်းတူညီမျှရေး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို ထည့်သွင်းဆောင်ရွက်နိုင်ရန် လူသားချင်းစာနာထောက်ထားရေး ကူညီဆောင်ရွက်သူများ လိုက်နာသင့်သည့် မူဘောင်တစ်ရပ်ကို ပြဋ္ဌာန်းဖော်ပြထားသည်။

အခြားသက်ဆိုင်ရာ မူဝါဒများနှင့် နိုင်ငံတကာ မူ‌ဘောင်များအနေဖြင့် အောက်ပါတို့ ပါဝင်သည်။

  • အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅) က အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အချိုးအစားမမျှတစွာဖြင့် ပဋိပက္ခသက်ရောက် မှုများရှိသည်ကို အသိအမှတ်ပြုပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မအခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးတွင် ကျား၊မရေးရာ ရှုထောင့်အမြင်များ ပေါင်းစပ်ထည့်သွင်းရန်အတွက် တိုက်တွန်းနှိုးဆော်ထားသည်။ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) နှင့်ပတ် သက်၍ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်းသည့် ရှင်းလင်းဖော်ပြမှုတွင် ပို၍လေ့လာ ဖတ်ရှုနိုင်ပါသည်။
  • အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် (CEDAW) တွင် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးများအခွင့်အရေးနှင့်ပတ်သက်၍ ကျယ်ပြန့်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများကို သတ်မှတ်ပြဋ္ဌာန်းထားပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ များအပါအဝင် ကဏ္ဍအားလုံးတွင် ဂျဲန်ဒါလိုအပ်ချက်အလိုက်ဖြည့်ဆည်းဆောင်ရွက်သော မူဝါဒများ ကို ရှင်းလင်းဖော်ပြထားသည်။
  • စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ရည်မှန်းချက် ၅ (ကျား၊မတန်းတူညီမျှရေး) နှင့် ၁၀ (မညီမျှမှုများလျှော့ချရေး) တွင် ဂျဲန်ဒါကွာဟချက်များကိုဖြေရှင်းရန်နှင့် အကျပ်အတည်းကာလများအပါအဝင် ကဏ္ဍအားလုံးတွင် အမျိုးသမီးနှင့်မိန်းကလေးငယ်များ၏အခွင့်အရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို လမ်းညွှန်ဖော်ပြထားသည်။

ဂျဲန်ဒါလိုအပ်ချက်အလိုက်ဖြည့်ဆည်းဆောင်ရွက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင် ချက်နှင့်ပတ်သက်၍ ပိုမိုလေ့လာလိုပါက -

  • လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အစီအစဉ်စက်ဝန်းတစ်လျှောက် ကဏ္ဍအားလုံးတွင် ဂျဲန်ဒါ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး ထည့်သွင်းဆောင်ရွက်ခြင်းနှင့်ပတ်သက် ၍ လက်တွေ့လမ်းညွှန်ချက်အတွက် IASC Gender Handbook for Humanitarian Action ကို ဖတ်ရှုပါ။ ထို့အပြင် ၎င်းတို့၏ IASC ဝက်ဘ်ဆိုက်ဖြစ်သော Gender in Humanitarian Action Reference Group website တွင် နောက်ဆက်တွဲ အထောက်အကူပြု ရင်းမြစ်များကိုလည်း သင့်အနေ ဖြင့် ရှာဖွေလေ့လာနိုင်ပါသည်။

[1] မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများဌာနေညှိနှိုင်းရေးမှူး (ယာယီ) ၏ ထုတ်ပြန်ကြေညာချက်၊ ၂၀၂၄ ခုနှစ် မေလ ၃ ရက်။ မြန်မာနိုင်ငံတွင် လူပေါင်း ၃ သန်းကျော်သည် ၎င်းတို့ နေရပ်မှ မဖြစ်မနေ စွန့်ခွာထွက်ပြေးရခြင်း။ အွန်လိုင်းတွင်လည်း ရယူဖတ်ရှုနိုင်သည်။

[2] လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် (Myanmar Humanitarian Needs and Response Plan)၊ 2024, UN OCHA, December 2023. အွန်လိုင်းတွင်လည်း ရယူဖတ်ရှုနိုင်သည်။

[3] မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုနှင့် အိမ်ထောင်စုများ စီးပွားရေးအခြေအနေ - ပျောက်ကွယ်လာသော လူလတ်တန်းစား တစ်ရပ် (Poverty and the Household Economy of Myanmar: A Disappearing Middle Class) ၊ UNDP, April 2024. အွန်လိုင်းတွင်လည်း ရယူဖတ်ရှုနိုင်သည်။