“ကျွန်မ လူတွေကို မကြောက်တော့ပါဘူး” - မြန်မာနိုင်ငံ ကျေးလက်ဒေသတစ်ခုတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရပြီး ရှင်သန်လွတ်မြောက်လာသူတစ်ဦးက ကျား၊မ (ဂျဲန်ဒါ) အခြေပြုအကြမ်းဖက်မှုနှင့်ပတ်သက်သည့် အသိပညာမြှင့်တင် ပေးခြင်းဖြင့် ထိခိုက်နစ်နာစေသောရပ်ရွာလူထု၏သဘောထားများအား ပြောင်းလဲနိုင်ပုံနှင့်ပတ်သက်၍ အတွေ့အကြုံမျှဝေ ထားသည်။
ရက်စွဲ:ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ 8 ရက် 2024 ခုနှစ်
ရေးသားသူ: Alexandra Marie Pard
(အခြားအမည်လွှဲ အသုံးပြုထားသည်။)
မရွှေသည် သူမ၏ရွာတွင် အမျိုးသားတစ်ဦး၏မုဒိမ်းကျင့်မှုကိုခံရသည့်အချိန်တွင် “အသက်ငယ်ရွယ်သည့် မိန်းကလေးငယ် တစ်ဦးအဖြစ်သာ” ရှိသေးသည်ဟုဆိုသည်။ ဤအကြမ်းဖက်မှုကြောင့် သူမ၏ ကိုယ်ပိုင်ယုံကြည်မှု့ ဖျက်ဆီးခံခဲ့ရပြီး ကြောက်ရွံ့စိုးရိမ်စိတ်ဖြင့် နေခဲ့ရသည်။
မရွှေသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသော အိမ်ခြေ ၂၀၀ ခန့် ရှိသည့် ကျေးရွာလေး တစ်ရွာတွင် မွေးဖွားကြီးပြင်းလာခဲ့သည်။ မုဒိမ်းမှု ကျူးလွန်ခံရပြီးနောက်ပိုင်းတွင် သူမသည် ရပ်ရွာအသိုင်းအဝိုင်း၏ ဝေဖန် ကဲ့ရဲ့မှုကို ခံခဲ့ရကာ၊ အရှက်ရပြီး အပယ်ခံဘဝ ဖြစ်လာသည်။ “ကျွန်မ ပတ်ဝန်းကျင်မှာ မနေရဲတော့ဘူး၊ အဲ့ဒါကြောင့် အိမ်နဲ့ ရွာကနေ ထွက်လာခဲ့တာ” ဟု သူမက ဆိုသည်။
သူမအား စော်ကားကျူးလွန်ခဲ့သူလည်း ဖမ်းဆီးအရေးယူမည်ကိုစိုးရိမ်သောကြောင့် ရွာမှရှောင်ပြေးခဲ့သည်။ ရွာကို ထိုသူ မပြန်လာ တော့မှန်းသေချာသည့်အတွက် မရွှေသည် ရွာသို့ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ မရွှေသည် တစ်ကိုယ်တည်းမိခင် (single mother) အဖြစ် သူမ၏မိသားစုနှင့်အတူပြန်နေလိုပြီး သူမကြီးပြင်းခဲ့ရာ ရွာကလေးတွင် ကလေးကို ပြုစုပျိုးထောင် လိုသောကြောင့် ဖြစ်သည်။ ရွာသို့ ပြန်လာသည့်အခါတွင်လည်း ပတ်ဝန်းကျင်၏ ပြစ်တင်ကဲ့ရဲ့မှုများကို ဆက်လက်ကြုံတွေ့ ခံစားခဲ့ရသည်။ အကြမ်းဖက်မှုကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများ ဆက်တိုက်ကြုံတွေ့လာရသည့် အတွက် သူမအနေဖြင့် လုံခြုံမှုရှိပြီး စိတ်သက်သာရာရအောင် နေ့စဉ် ကြိုးစားနေထိုင်ခဲ့ရသည်။
“ကျွန်မ ရှက်လည်းရှက်တယ်၊ လူတွေကိုလည်း ကြောက်သွားမိတယ်၊ ဒါပေမဲ့ ရွာမှာ ကျား၊မ (ဂျဲန်ဒါ) အခြေပြု အကြမ်းဖက်မှု နဲ့ ပတ်သက်ပြီး သင်တန်းတစ်ခုလုပ်ခဲ့လို့ ကျွန်မတက်ခဲ့တယ်။ သင်တန်းပြီးတော့ ငါ ရှေ့ဆက် အသက်ရှင်နေနိုင် သေးတာပဲ လို့ဆို ပြီး ကိုယ့်ဘဝကို ကိုယ်လက်ခံနိုင်လာတယ်” ဟု သူမက ဆိုသည်။
မြန်မာနိုင်ငံတွင် ကျား၊မ (ဂျဲန်ဒါ) အခြေပြုအကြမ်းဖက်မှု(GBV) ကြုံတွေ့ခဲ့ရသော သို့မဟုတ် ကြုံတွေ့နိုင်ခြေရှိသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပံ့ပိုးကူညီပေးနေသည့် UN Women နှင့်အတူဆောင်ရွက်နေသော ဒေသခံ အမျိုးသမီး ဦးဆောင်သည့် အဖွဲ့အစည်းများအနက်မှ အဖွဲ့အစည်းတစ်ခု၏ ပံ့ပိုးကူညီမှုဖြင့် မရွှေသည် နှစ်သိမ့်ဆွေးနွေးမှု အပါအဝင် ဝန်ဆောင်မှု အမျိုးမျိုးကို ရယူနိုင်ခဲ့သည်။
ထို့အပြင် အမျိုးသားနှင့်ယောကျ်ားလေးများအပါအဝင် ရပ်ရွာလူထုတွင်း နေထိုင်သူများအတွက် လက်လှမ်းမီသင်ယူနိုင် သော ဒီဂျစ်တယ်လေ့လာရေးပလက်ဖောင်းတစ်ခုမှပို့ချသည့် သင်တန်းများနှင့် အသိပညာမြှင့်တင်ခြင်းသင်တန်းများကို လည်း သူမ တက်ရောက်လေ့လာနိုင်ခဲ့သည်။ ဤသင်တန်းများ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်စေသည့် ထိခိုက်နစ်နာစေသော လူမှုစံနှုန်းများနှင့် သဘောထားများ လျော့ပါးကင်းစင်သွားရန် ဖြစ်သည်။
“သင်တန်းပြီးသွားတော့၊ ကျွန်မ ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ လူတွေရဲ့အမြင် တော်တော်လေး ပြောင်းလဲသွားတာကို ကျွန်မ တွေ့ရတယ်” ဟု သူမက ဆိုပါသည်။ “ဒီလို အတွေးအခေါ်နဲ့ အမြင်တွေ ပြောင်းလဲဖို့က အရေးကြီးပါတယ်။ ကျွန်မလို အကြမ်းဖက်ခံရတဲ့သူတွေကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးရာရောက်ပါတယ်။ အားလုံး တန်းတူညီမျှဖြစ်ပြီးတော့ လူတိုင်း မှာ ကိုယ်ပိုင်အခွင့်အရေးတွေရှိပါလား ဆိုတာကို လူတွေနားလည်လာပြီး၊ အချင်းချင်း တန်ဖိုးထားတတ်လာတယ်။”
မြန်မာနိုင်ငံတွင် အရှိန်မြင့်လာသည့် လက်နက်ကိုင်ပဋိပက္ခနှင့်အတူ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းဒုက္ခများ ရှည်ကြာလာမှုကြောင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ထိခိုက်လွယ်မှုအခြေအနေကို ပို၍ဆိုးရွားသွားစေသည်။ ဤကဲ့သို့ ခက်ခဲသောအခြေအနေများ ကြောင့် အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဝန်ဆောင်မှုများ ကောင်းစွာမလည်ပတ်နိုင်ခြင်းအစရှိသည့် စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်လာတော့သည်။ ဤအကြောင်းများအပြင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် ကျား၊မ (ဂျဲန်ဒါ) စံနှုန်းသတ်မှတ်ချက်များ တန်းတူညီမျှမရှိခြင်းများကြောင့် နေအိမ်များတွင် စကားများရန်ဖြစ်ခြင်းများ ပိုဖြစ်လာပြီး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအန္တရာယ်များ တိုးပွားလာခဲ့သည်။ မြန်မာအမျိုးသမီး များ၏ ပြောဆိုချက်များအရ ရင်းနှီးကျွမ်းဝင်သောလက်တွဲဖော်၏အကြမ်းဖက်မှုသည် ၎င်းတို့၏ ရပ်ရွာလူမှုအသိုက်အဝန်း များအတွင်း အများဆုံးတွေ့ရလေ့ရှိသည့် ကျား၊မ (ဂျဲန်ဒါ) အခြေပြုအကြမ်းဖက်မှုပုံစံဖြစ်ကြောင်း ပြောဆိုကြသည်။[1]
မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းများသည် ကျား၊မ (ဂျဲန်ဒါ) အခြေပြုအကြမ်းဖက်မှု အဆုံးသတ်ရေးနှင့် ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ရပ်ရွာလူထုအဆင့် ဝန်ဆောင်မှုများပေးခြင်း၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ချန်လှပ်ခံရပြီး နောက်ကျကျန်ရစ်နိုင်ခြေရှိသူများအား ဝန်ဆောင်မှုများကို လက်လှမ်းမီ စေရန် ကူညီပေးခြင်းများကို ပါဝင်ဆောင်ရွက်လျက်ရှိသည်။
“ပတ်ဝန်းကျင်က လူတွေရဲ့ ဝေဖန်ကဲ့ရဲ့သံတွေကြောင့် သူမ ရင်ဖွင့်ပြီး ငိုခဲ့တာ၊ သူမအတွက်တော့ နေ့တိုင်းက စိုးရိမ် သောက တွေ၊ ဝမ်းနည်းမှုတွေအပြည့်ပဲပေါ့” ဟု GBV ဝန်ဆောင်မှုကို ပထမဆုံးရယူသည့်အချိန်က မရွှေ၏ အခြေအနေကို ပံ့ပိုးကူညီ ပေးသော အမျိုးသမီးဦးဆောင်သည့်အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးက ပြန်လည်ပြောပြသည်။
“ဒါပေမဲ့၊ အသိပညာမြှင့်တင်ရေး သင်တန်းတက်ပြီးတော့၊ ဒါက သူမအမှား မဟုတ်ဘူးဆိုတာကို သူမ လက်ခံလာတယ်။ ဒါ့အပြင် အချိန်မီ နှစ်သိမ့်ဆွေးနွေးမှုတွေရပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရလာတယ်၊ သူမရဲ့ လက်ရှိဘဝကို လက်ခံလာတယ်” ဟု ကိုယ်စားလှယ်က ဆိုသည်။
UN Women သည် မြန်မာနိုင်ငံတွင် GBV ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ဆောင်မှုများ ဖြည့်ဆည်း ပေးရန် UNFPA နှင့် ဒေသအဆင့်မိတ်ဖက်အဖွဲ့အစည်းများအပါအဝင် အခြားကုလသမဂ္ဂအေဂျင်စီများနှင့်အတူ အောက်ပါ လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
- ကျား၊မ (ဂျဲန်ဒါ) အခြေပြုအကြမ်းဖက်မှု (GBV) ကာကွယ်တားဆီးရေးနှင့် အမျိုးသမီးအခွင့်အရေးများ တိုးတက်စေ ရန် ရပ်ရွာလူထုအသိပညာ မြှင့်တင်ပေးခြင်းနှင့် သင်တန်းများပေးခြင်း။
- ငွေကြေးထောက်ပံ့မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ။
- ရပ်ရွာလူထု ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများ ခိုင်မာအားကောင်းအောင်ဆောင်ရွက်ခြင်းနှင့် ကျွမ်းကျင် ပညာရှင်များ၏ GBV ဝန်ဆောင်မှုများ (ဥပမာ - ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ဥပဒေဆိုင်ရာ အကူအညီများ) ရရှိရန် ဆက်သွယ်ဆောင်ရွက်ပေးခြင်း။
- ကျား၊မ (ဂျဲန်ဒါ) အခြေပြုအကြမ်းဖက်မှု (GBV) ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းနှင့် အေဂျင်စီဌာနများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်းကို ခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်ခြင်း။
လက်ရှိဖြစ်ပေါ်နေသည့်ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသည့်ရပ်ရွာလူထုများနှင့်ပတ်သက်၍ ကချင်ပြည်နယ်တွင် GBV ဝန်ဆောင်မှုများပေးနိုင်ရန် UN Women နှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်သစ်တစ်ရပ်အား ပြင်သစ် အစိုးရ၏ ပံ့ပိုးမှုဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မရွှေသည် သူမအပေါ်ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုဒဏ်ကို ဆက်လက်ရင်ဆိုင်တွန်းလှန်ရင်းဖြင့် ယခုအခါ သူမ၏ ရပ်ရွာ လူမှုအသိုက်အဝန်းအတွင်း စိတ်အေးလက်အေးဖြင့် နေနိုင်လာပြီဖြစ်သည်။ သူမအနေဖြင့် အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာပြီး၊ တစ်နေ့တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်မည်ဟုပင် စိတ်ကူးနေကြောင်း သူမက ဆိုပါသည်။
“ကျွန်မရဲ့ကိုယ်ပိုင်ဘဝ ကျွန်မ ပြန်ရပြီလို့ ခံစားရတယ်။ အခုတော့ ကျွန်မ လူတွေကို မကြောက်တော့ပါဘူး။”
[1] Findings from focus group discussions conducted for 2023 Multi Sectoral Needs Analysis